ရန်ကုန်မြို့ရှိတိုက်ခန်းများ ဝယ်ယူနေထိုင်သူများသည် အာမခံချက်ရှိရှိဖြင့် တရားဝင်ပိုင်ဆိုင်မှုရရှိစေမည်

ရန်ကုန်မြို့ရှိတိုက်ခန်းများ ဝယ်ယူနေထိုင်သူများသည် အာမခံချက်ရှိရှိဖြင့် တရားဝင်ပိုင်ဆိုင်မှုရရှိစေမည်


အသစ်ရေးဆွဲနေသည့် တိုက်ခန်းအိမ်ရာဥပဒေအရ ရန်ကုန်မြို့ရှိတိုက်ခန်းများ ဝယ်ယူနေထိုင်သူများသည် အာမခံချက်ရှိရှိဖြင့် တရားဝင်ပိုင်ဆိုင်မှုရရှိစေမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။


အဆိုပါတိုက်ခန်းအိမ်ရာ ဥပဒေကြမ်းအား ဂျပန်ကျွမ်းကျင်ပညာရှင်များ ဖြင့်ရေးဆွဲထားပြီး ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၁ဝ ရက်ကရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ပုလဲခန်းမ၌ ပြုလုပ်ခဲ့ပြီး အိုးအိမ်မှတာဝန်ရှိသူဦးဆောင်၍ ရှင်းလင်းပြသခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဦးသိန်းမြင့်က ပြောသည်။


''အကြမ်းဖျင်းပြောနိုင်တာကတော့ တရားဝင်တိုက်ခန်းပိုင်ဆိုင်မှုရမယ်။ အစိုးရက အခွန်ရမယ်။ ဒီဥပဒေက ဂျပန်က ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွဲထားတာ။ တခြားဥပဒေမူကြမ်းရေးဆွဲတာတွေနဲ့ မတူဘူး။ Law Firm တခုကိုငှားပြီးတော့ ဆွဲထားတာ။ ပိုကောင်းမယ်လို့ မြင်ပါတယ်။ ဒီဥပဒေထွက်လာရင် အာမခံချက်ရှိမယ်။ အရင် ထက်ပိုကောင်းလာမယ်။ နောင်ဆိုရင် ဒီအခန်းကိုရောင်းမယ်ဆိုရင် မြေရှင်က လက်မှတ်ထိုးပြီးတော့ ပိုက်ဆံယူစရာ မလိုတော့ဘူး။ အရင်တုန်းက အခန်းရောင်းမယ်ဆိုရင် မြေရှင်ကိုလက်မှတ်ထိုးခိုင်းတာ၊ ဝယ်တဲ့သူကလည်း မြေရှင်လက်မှတ်ထိုးမှ အတည်ဖြစ်တာတို့ရှိတယ်။ ဒီဥပဒေအရကတော့ အဲဒါမျိုးတွေဖြစ်လာမှာ မဟုတ်တော့ဘူး''ဟု ၎င်းက ပြောသည်။လက်ရှိအခြေအနေအရ မြေပိုင်ရှင်အတွက် ပိုင်ဆိုင်မှုအာမခံချက်ရှိနေသော်လည်း တိုက်ခန်းဝယ်ယူ နေထိုင်သူများအတွက် ပိုင်ဆိုင်မှုအာမခံချက်မရှိသေးသည့် အခြေအနေဖြစ်နေသည်။


သို့သော်လည်း လက်ရှိရေးဆွဲနေသော တိုက်ခန်းအိမ်ရာ ဥပဒေမှာ တိုက်ခန်းဝယ်ယူသူများအတွက် အာမခံချက်များရရှိစေရေးအတွက် ရေးဆွဲနေခြင်းဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက ပြောသည်။


''တိုက်ခန်းဝယ်တဲ့သူတွေက သူပိုင်ဆိုင်တယ်ဆိုတဲ့ Ownership ရအောင်၊ တိုက်ခန်းကိုအခြေပစ္စည်းအဖြစ်နဲ့ ရင်းနှီး စားလို့ရတယ်ဆိုတာမျိုးဖြစ်အောင်လို့ ရေးဆွဲနေတာ။ အဲလိုမျိုးဥပဒေပြဋ္ဌာန်းပြီးလို့ရှိရင် ဘဏ်တွေမှာတိုက်ခန်းကိုပေါင်နှံလို့ရမယ်။ နောက်တခါက မြေပိုင်ရှင်က မြေပိုင်တယ်ဆိုပေမဲ့ ကိုယ်ဝယ်ထားတဲ့အခန်းက ကိုယ်ပိုင်တယ်လို့မထင်ရဘူး။ အဲဒါကိုပိုင်ဆိုင်မှုတခုရတယ်ဆိုတာဖြစ်အောင် ဥပဒေကြမ်းရေးဆွဲတာ။ ဥပဒေတရပ်အနေနဲ့ ပြဋ္ဌာန်းပြီးတော့ ပိုင်ဆိုင်မှုတခုကို ဖြစ်စေချင်လို့ ဥပဒေရေးဆွဲနေတာပါ''ဟု ၎င်းက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီး၏ ကွန်ဒိုဥပဒေတွင် အကျုံးဝင်သည့် တိုက်ခန်း ၆ဝဝဝ နှင့် ၁ဝဝဝဝ ကြားသာရှိနေပြီး ကွန်ဒိုဥပဒေဖြင့် အကျုံးမဝင်သည့်တိုက်ခန်း ၃ သိန်းကျော်ရှိနေကြောင်း သိရသည်။

ကွန်ဒိုဥပဒေတွင် မြေဧရိယာ ၂ဝဝဝဝ sf အထက်နှင့် ၆ ထပ်အထက် ဖြစ်ရမည်၊ မြေအမည်ပေါက်အားလုံး လွှဲပြောင်းရမည်ဟု ကန့်သတ်ထားပြီး ယင်းဥပဒေတွင် အကျုံးမဝင်သည့်တိုက်ခန်းအားလုံးသည် တိုက်ခန်းအိမ်ရာဥပဒေတွင် အကျုံးဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။


''ဒီဥပဒေမှာကျတော့ မူလကွန်ဒိုမှာ မပါတာတွေ အကုန်လုံးအကျုံးဝင်သွားမှာပေါ့။ ဒါက အားသာချက်ပေါ့။ ပိုင်ဆိုင်မှုဆိုတာက နဂိုကအပျောက်နဲ့ အရောင်းအဝယ်လုပ်ကြတဲ့အခါမှာ ဒီတိုက်ခန်းတွေက စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်လို့မရဘူး။ အရပ်စာချုပ်လို့ ခေါ်တာပေါ့။ အရပ်စာချုပ်နဲ့ပဲချုပ်ပြီး ဝယ်နေကြတာ။ အခု ဒီဥပဒေပေါ်လာရင် စာချုပ်စာတမ်းများ မှတ်ပုံတင်လို့ရမယ်။ အဲဒီအခါကျရင် ပိုင်ဆိုင်မှု သေချာသွားမယ်။ နောက်တခုက ပေါင်လို့ရမယ်။ တရားဝင်လွှဲပြောင်းလို့ရ မယ်''ဟု ဦးမျိုးမြင့်ကရှင်းပြသည်။


အဆိုပါတိုက်ခန်းအိမ်ရာ ဥပဒေမူကြမ်းအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှတဆင့်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး လာမည့်တိုင်းဒေသကြီးလွှတ်တော်အ စည်းအဝေးတွင် တိုင်းအစိုးရအဖွဲ့က တင်သွင်းမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။


Source- New Watch

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property