စည်ပင်တိုက်ခန်းများ ကာလတန်ဖိုးထက် များစွာလျော့နည်းငှားရမ်းထား

စည်ပင်တိုက်ခန်းများ ကာလတန်ဖိုးထက် များစွာလျော့နည်းငှားရမ်းထား


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ငှားရမ်းပေးလျက်ရှိသော တိုက်ခန်းတန်ဖိုးများမှာ ကာလတန်ဖိုးထက် များစွာလျော့နည်းနေကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

အောက်တိုဘာ ၇ ရက်က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

"စည်ပင်ကရရှိတဲ့ တစ်နှစ်စာ ငှားရမ်းခတွေက ကာလပေါက်ဈေးနဲ့ တွက်ကြည့်ရင် အိမ်ခန်းတစ်ခန်း တစ်လစာ ငှားရမ်းခလောက်တောင် မရှိ ပါဘူး။ မြေပြင်မှာတော့ ဒီထက်ပိုတဲ့ ဈေးတွေနဲ့ ငှားရမ်းနေကြပါတယ်"ဟု ၎င်းက ဆိုသည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ယာယီမြေရှင်အဖြစ် ဆောင်ရွက်ခဲ့သော အဆောက်အအုံများက တိုက်ခန်းများကို ငှားရမ်းခြင်း ဖြစ်သည်။ 

ငှားရမ်းခများကိုကြည့်လျှင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်တံတား၊ လမ်းမတော်၊ လသာနှင့် ပန်းပဲတန်းမြို့နယ်တို့တွင် တစ်စတုရန်းပေလျှင် လေးကျပ်နှုန်း၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်မြို့နယ်တို့တွင် တစ်စတုရန်းပေလျှင် သုံးကျပ်နှင့် ပြား ၂၀ နှုန်း၊ ကျန်မြို့နယ်များအတွက် တစ်စတုရန်းပေလျှင် နှစ်ကျပ်နှင့် ပြား ၄၀ နှုန်းဖြင့် ကောက်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက လွှတ်တော်တွင် ပြန်လည် ဖြေကြားထားသည်။

"၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ငှားရမ်းခနှုန်းထားတွေကို ၁၀ ဆတိုး ကောက်ခံခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ငှားရမ်းခတွေက ခေတ်ကာလ တန်ဖိုးနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် နောက်ထပ် ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်"ဟု ဦးမောင်မောင်စိုးက ဆိုသည်။

ငှားရမ်းခများကို ၁၀ ဆတိုးထားသော်လည်း ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ်များတွင် တစ်စတုရန်းပေလျှင် ကျပ် ၃၀ သည် တစ်လလျှင် ကျပ် နှစ်သောင်းသာ ကျသင့်ပြီး မြေပြင်တွင် အဆိုပါအခန်းများသည် တစ်လလျှင် ငွေကျပ် နှစ်သိန်းနှင့် နှစ်သိန်းခွဲအကြားရှိကြောင်း ဒေါ်ကြည်ပြာက ဆိုသည်။

ယင်းအပြင် ဌာန၏ အခန်းတန်ဖိုး သတ်မှတ်ဈေးနှုန်းများသည် ပြင်ပဈေးနှုန်းနှင့် ကွဲလွဲနေသည့်အတွက် မည်သည့်စံနှုန်းဖြင့် သတ်မှတ်၍ ကောက်ခံသည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင် မြို့တော်ဝန်က ယာယီအိမ်ရှင်အဖြစ် တာဝန် ယူထားရသည်ဖြစ်ရာ ပိုင်ရှင်ပေါ်လျှင် ပြန်ပေးရမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်၍မရကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများကို ဦးစားပေးပြီး အစိုးရတိုက်ခန်းသဘောအဖြစ် ငှားရမ်းထားခြင်းဖြစ်သည့်အတွက် တန်ဖိုးလျော့နည်းနေ ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ယာယီမြေရှင်အဖြစ် ဆောင်ရွက်ပြီး ယာယီထိန်းသိမ်းထားသော တိုက်ခန်းစုစုပေါင်း ၄၉၆ ခန်းရှိသော်လည်း ဝန်ထမ်းများကိုသာ ဦးစားပေးပြီး အမှန်တကယ် ငှားရမ်းထားသော အခန်းမှာ ၂၃၈ ခန်းသာရှိကြောင်း၊ ယာယီထိန်းသိမ်းထားခြင်း ဖြစ်သည့်အတွက် နှစ်ရှည်ငှားရမ်း၍မရဘဲ တစ်နှစ်တစ်ကြိမ်သာ ငှားရမ်းရကြောင်းလည်း ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါတိုက်ခန်းများမှာ လသာမြို့နယ်တွင် ၅၆ ခန်း၊ လမ်းမတော်မြို့နယ် တွင် ၃၂ ခန်း၊ ပန်းပဲတန်းမြို့နယ်တွင် ၇၄ ခန်း၊ ကျောက်တံတားမြို့နယ်တွင် ၈၄ ခန်း၊ ဗိုလ်တထောင်မြို့နယ်တွင် ၅၉ ခန်း၊ ပုဇွန်တောင်မြို့နယ်တွင် ၃၁ ခန်း၊ စမ်းချောင်းမြို့နယ်တွင် ၁၀ ခန်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် နှစ်ခန်း၊ အလုံမြို့ နယ်တွင် ၁၆ ခန်း၊ ဗဟန်းမြို့နယ်တွင် ၂၂ ခန်း၊ တာမွေမြို့နယ်တွင် ၂၆ ခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၅၂ ခန်း၊ လှိုင်မြို့နယ်တွင် ၂၈ ခန်း၊ မရမ်းကုန်းမြို့နယ်တွင် တစ်ခန်းနှင့် သင်္ဃန်းကျွန်းမြို့နယ်တွင် သုံးခန်းတို့ဖြစ်သည်။

ဘဏ္ဍာရေးနှစ်အလိုက် တိုက်ခန်းငှားရမ်းခရရှိမှုမှာ၂၀၁၅-၁၆ ခုနှစ်တွင် ၄၇၈၅၃၈၄ ကျပ်တိတိ၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၃၇၈၄၃၀၅ ကျပ်တိတိ၊ ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ၆၈၅၀၇၁၉၇ ကျပ်တိတိ၊ ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ ၃၅၃၄၀၉၆၃ ကျပ်တိတိဖြစ်သည်။ 


Credit : Myanmar Time

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property