Ananda Development PCL မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

Ananda Development PCL မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား


ထိုင်းနိုင်ငံ၏ ကွန်ဒိုနှင့် အဆင့်မြင့် လူနေအိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းများကို လုပ်ကိုင်နေသည့် ကွန်ဒိုဆောက်လုပ်ရေး ကုမ္ပဏီ Ananda Development Public Co.Ltd (အနန္တဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီလီမိတက်) သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် စိတ်ဝင်စားနေကြောင်း အနန္တ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေး မဟာဗျူဟာဌာနအကြီးအကဲ မစ်(စ်)ပီ(ချ)ပက်ကာကန်က ပြောသည်။ 

အနန္တဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီလီမိတက်က ၎င်းတို့နှင့်ကိုက်ညီမည့် မိတ်ဆက်ကုမ္ပဏီများကို ရှာဖွေနေကြောင်း အောက်တိုဘာ ၉ ရက်တွင် ဘန်ကောက်မြို့၊FYI Center ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောသည်။ 

"ကျွန်မတို့အနေနဲ့ မြန်မာပြည်မှာ ဘယ်လိုရင်းနှီးမြှုပ်နှံသွားကြမလဲဆိုတာကို ဘက်ပေါင်းစုံကနေ စဉ်းစားနေပါတယ်။ ကနဦးအနေနဲ့ မြန်မာပြည်ဈေးကွက်အကြောင်း လေ့လာတာတွေ လုပ်နေပါတယ်။ ပြီးရင်တော့ ဈေးကွက်အနေအထားနဲ့ ကိုက်ညီမယ့်ပုံစံကိုရွေးချယ်ပြီး ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို လုပ်ကိုင်သွားပါမယ်"ဟု မစ်(စ်)ပီ(ချ)ပက်ကာကန်က ဆိုသည်။

အနန္တကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်သည့်အခါ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းဧရိယာများတွင် အတူတကွပူးပေါင်းလုပ်ကိုင်နိုင်မည့် မိတ်ဖက်ကုမ္ပဏီတွေကိုလည်း ရှာဖွေသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

"ကျွန်မတို့အနေနဲ့ ဈေးကွက်ကို နားလည်သဘော ပေါက်ဖို့ လိုအပ်သလို မြန်မာနဲ့ ထိုင်းအစိုးရကြားကဆက်ဆံရေးကိုလည်း ကောင်းကောင်းသိရှိဖို့ လိုအပ်ပါတယ်"ဟု မစ်(စ်)ပီ(ချ)ပက်ကာကန်က ဖြည့်စွက်ပြောခဲ့သည်။

အနန္တဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီလီမိတက်ကို ၁၉၉၉ ခုနှစ်က ထိုင်းနိုင်ငံတွင် တည်ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ လူနေအိမ် စီမံကိန်းပေါင်း ၆၀ ကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ကာ ကွန်ဒိုအခန်းပေါင်း ၄၀ဝ၀ဝ ကျော်ကိုလည်း ရောင်းချခဲ့ပြီးဖြစ်သည်။ 

လာမည့်နှစ်များတွင် အနန္တဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီလီမိတက်၏ မဟာဗျူဟာအရ တည်ဆောက်ထားသောအရည်အသွေးမြင့် အဆောက်အအုံများသည် ပြည်တွင်းမှနေထိုင်သူများနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းမွန်သည့် မြို့ပြလူနေမှုစနစ်ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါအချက်များက ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်ရန် စဉ်းစားနေသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် လက်တွဲဖော်ကောင်း ဖြစ်စေမည်ဖြစ်ကြောင်း အနန္တ၏ အမှုဆောင်အရာရှိချုပ်Mr. Chanond 

Ruangkritya က ပြောသည်။

အနန္တ၏ ကွန်ဒိုစီမံကိန်းများသည် သွားလာဆက်သွယ်ရေးအတွက် အရေးပါသော ကွန်ရက်များနှင့် ချိတ်ဆက်တည်ဆောက်ထားသည့်အတွက် လူထောင်ပေါင်းများစွာ၏ အမှန်တကယ်လိုလားသော မြို့ပြနေထိုင်မှုဘဝကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည့်အပြင် ရေရှည်ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိသည့် ပြည်ပမှ ဝယ်ယူသူများအတွက်ပါ အထောက်အပံ့များပေးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းအပြင် ကုမ္ပဏီအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍတွင်သာမက အခြားစီးပွားရေးကဏ္ဍများကိုလည်း တိုးချဲ့လုပ်ကိုင် လျက်ရှိကာ ကမ္ဘာ့နံပါတ်တစ် အဆင့်မြင့်အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့်The Ascott Limited နှင့် လက်တွဲပြီး ကမ္ဘာ့အဆင့်မီ ဇိမ်ခံကွန်ဒိုမီနီယံစီမံကိန်းကြီး ငါးခုကိုလည်း ထပ်တိုး အကောင်အထည်ဖော် လျက်ရှိနေသည်။ 

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အနေအထားအရ ပြည်ပရောက်မြန်မာနိုင်ငံသားများနှင့် ပြည်တွင်းမှ ဝယ်ယူသူများသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကွန်ဒိုနှင့် မီနီကွန်ဒိုများကို ဝယ်ယူမှုအများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှ ကွန်ဒိုများသည် ဈေးကွက်အတွင်း ဒုတိယဝယ်လိုအားအကောင်းဆုံးဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် မြန်မာနိုင်ငံသားများ အသွားအများဆုံးနိုင်ငံဖြစ်ပြီး သွားလာရလွယ်ကူခြင်း၊ ဗီဇာမလိုခြင်း၊ ဈေးဝယ်ရန် နေရာကောင်းတစ်ခုဖြစ်ခြင်းတို့ကြောင့် ပြည်ပနိုင်ငံသားများ စိတ်ဝင်စားမှုပိုများသော နိုင်ငံတစ်ခုဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကွန်ဒိုများကို ဝယ်ယူရခြင်း၏ အကြောင်းရင်းများမှာ ထိုင်းနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့်အတွက် အိမ်ခြံမြေဈေးနှုန်းများမှာအတက်အကျသိပ်မရှိဘဲ တစ်နှစ်ထက်တစ်နှစ် တန်ဖိုးမြင့်တက်နေသည်။ ထို့ကြောင့် နေထိုင်ရန် ဝယ်ယူသူများ၊ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်များစွာရှိခြင်း၊ပညာရေး၊ ကျန်းမာရေးအတွက် ရွေးချယ်စရာများပြီးအိမ်နီးချင်းနိုင်ငံဖြစ်သဖြင့် သွားရောက်ရန် လွယ်ကူခြင်း၊ ဘဏ်ချေးငွေဖြင့် ဝယ်ယူ၍ ရခြင်းတို့ကြောင့်ဖြစ်ကြောင်း 

မြန်မာနိုင်ငံမှ အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။


Credit : Myanmar Time

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property