ဟံသာဝတီလေဆိပ်သစ်တည်ဆောက်ရေးစီမံကိန်းစတင်နိုင်ရန် ဂျပန်-မြန်မာပူးပေါင်းပါဝင်သောညှိနှိုင်းပြင်ဆင်မှု

ဟံသာဝတီလေဆိပ်သစ်တည်ဆောက်ရေးစီမံကိန်းစတင်နိုင်ရန် ဂျပန်-မြန်မာပူးပေါင်းပါဝင်သောညှိနှိုင်းပြင်ဆင်မှု


                 ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေး စီမံကိန်းစတင်နိုင်ရန် ဂျပန်-မြန်မာ ပူးပေါင်းပါဝင်သော ညှိနှိုင်းပြင်ဆင်မှု ကော်မတီက ညှိနှိုင်းဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့ပါတယ်။

              “ဟံသာဝတီလေဆိပ်သစ် စီမံကိန်းအတွက် ဂျပန်-မြန်မာ ပူးပေါင်းပါဝင်တဲ့ လေဆိပ်အကောင်အထည်ဖော်ရေး ပြင်ဆင်မှု ကော်မတီ ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ ကော်မတီအနေနဲ့ ညှိနှိုင်းမှုသုံးကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ စနစ်တကျနဲ့ အကောင်အထည် ဖော်နိုင်ရေးအတွက် ဦးစားပေး ညှိနှိုင်းနေပါတယ်” ဟု ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့ပါတယ်။

              ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism မှ Vice Minister ဖြစ်သူ Mr. Yasuhiro Shinohara တို့သည် နေပြည်တော်တွင် ဒီဇင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေသည့် ဟံသာဝတီ လေဆိပ်သစ်တည်ဆောက်ရေးဆိုင်ရာများ အပါအဝင် အခြားစီမံကိန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

              သီလဝါဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နေမှုများ၊ မန္တလေးဆိပ်ကမ်းသစ် တည်ဆောက်ရေး ဆောင်ရွက်နေမှုများ၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်မှုနှင့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အပါအဝင် ဂျပန်နိုင်ငံ ချေးငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းများအား ဆွေးနွေးခဲ့ကြကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှသိရပါတယ်။

              လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ အိုဒီအေချေးငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းများမှာ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၊ ဘူတာများ အဆင့်မြှင့်တင်ရေး စီမံကိန်း အပါအဝင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းများအား ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းအား ဂျပန်နိုင်ငံအစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် JICA မှ ချေးငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။

              ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ အရှည်မှာ ၃၈၅ ဒသမ ၅ မိုင် ရှည်လျားပြီး စီမံကိန်းအပိုင်း (၁) ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်အား ယခု ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ အပိုင်း (၂) ဖြစ်သည့် တောင်ငူ-မန္တလေး လမ်းပိုင်းအား ၂၁၉ မိုင်အား ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။


Source:Eleven Media Group

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property