
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းပေါ်ရှိ မြေ ၁,၁၀၀ ဧကကျော်တွင် Smart District စီမံကိန်း ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းယှဉ်ပြိုင်အဆို ပြုလွှာတင်သွင်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအတွက် အဆိုပြုလွှာတင်သွင်းလိုသော ကုမ္ပဏီက Swiss Challenge တင်သွင်းရမည်ဖြစ်ပြီး Swiss Challenge ဆိုသည်မှာ စီမံကိန်းတစ်ခုကို ကုမ္ပဏီတစ်ခုက စီမံကိန်းဒီဇိုင်းပုံစံနှင့် ကုန်ကျစရိတ်များကို ဦးစွာအဆိုပြုတင်သွင်းရခြင်းဖြစ်ပြီး ကျန်ကုမ္ပဏီများက ထိုကုမ္ပဏီ တင်ပြလာသည့် ဒီဇိုင်းပုံစံအပေါ် ကုန်ကျစရိတ်ကို ယှဉ်ပြိုင်၍ ဈေးနှုန်းအဆိုပြုရခြင်းဖြစ်သည်။
စီမံကိန်းကို ဝင်ရောက်ယှဉ်ပြိုင်ရသည့် ကုမ္ပဏီက မူလအဆိုပြု ကုမ္ပဏီကို ယှဉ်ပြိုင်အနိုင်ရပါက ဒီဇိုင်းကုန်ကျစရိတ်နှင့် စီမံကိန်း လေ့လာဆန်းစစ်မှု ကုန်ကျစရိတ်တို့ကို ပြန်လည်ကျခံပေး၍ လုပ်ကိုင်ခွင့်ရခြင်းကို ဆိုလိုသည်။
Smart District စီမံကိန်းတွင် ဧရာဝဏ်-ရတနာအိမ်ရာမှ လက်ရှိတွင် တည်ဆောက်နေသည့် အဆောက်အအုံ ၃၅ လုံးပါဝင်မည်ဖြစ်ပြီး ဧရာဝဏ်လမ်း၊ ရွှေလီလမ်းနှင့် ရတနာလမ်းရှိ မြေနေရာများပါဝင်မည်ဖြစ်သည်။ ၎င်းတို့တွင် လမ်း၊ ရေ၊ မီး၊ မိလ္လာ၊ အိုင်တီကွန်ရက်၊ CCTV နှင့် လုံခြုံရေးစနစ် အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Credit : Myanmar Builders Guide