ရန်ကုန်ရဲ့ အထင်ကရ Service Apartment များ

ရန်ကုန်ရဲ့ အထင်ကရ Service Apartment များ


ဖွံ့ဖြိုးတိုးတက်မှုတွေ အရှိန်ရလာတဲ့ မြန်မာနိုင်ငံကို ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ၊ လာရောက်လည်ပတ်သူတွေ၊ အလုပ်အရ လာရောက်နေထိုင်သူတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါတယ်။

တိုးတက်လာနေတဲ့ နိုင်ငံခြားသားဝင်ရောက်မှုအတွက် နေထိုင်စရာလိုအပ်လာပြီး လက်ရှိစျေးကွက်အနေအထားအရ ကွန်ဒိုအရေအတွက်ဟာ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားအရေအတွက်ကို လုံလောက်အောင် ဖြည့်ဆည်းနိုင်စွမ်း မရှိသေးပါဘူး။ သုံးလ၊ ခြောက်လ၊ တစ်နှစ်စသဖြင့် ကာလတို၊ ကာလရှည်လာရောက်ကြတဲ့အခါ ဟိုတယ်မှာနေဖို့ အဆင်မပြေတာကြောင့်ဖြစ်စေ၊ ကရိကထများတဲ့ အိမ်ငှားအလုပ်ကို မလုပ်ချင်တာကြောင့်ဖြစ်စေ၊ ပရိဘောဂအပြည့်အစုံပါပြီး ဟိုတယ်နီးပါး ဝန်ဆောင်မှုတွေရရှိနိုင်တဲ့ အဆင့်မြင့် Service  Apartment တွေကို ရွေးချယ်နေထိုင်လာကြပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်ထဲမှာ တိုက်ခန်း၊ ကွန်ဒိုနဲ့ လုံးချင်းအိမ်တွေသာမက Service Apartment တွေ နေရာယူလာနေတာကို တွေ့မြင်နေရပါတယ်။ ရန်ကုန်မှာ နောက်ပိုင်းတည်ဆောက်လာကြတဲ့ ဟိုတယ်တွေနဲ့ ကွန်ဒိုစီမံကိန်းတွေမှာလည်း Service Apartment တွေကို ထည့်သွင်းတည်ဆောက်လာကြသလို Service Apartment သီးသန့်တည်ဆောက်ထားတဲ့ စီမံကိန်းတွေလည်း အများအပြားပေါ်ထွက်လာခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ ရန်ကုန်ရဲ့ အချက်အချာကျတဲ့နေရာမှာတည်ရှိပြီး လူသိများထင်ရှားတဲ့ Service Apartment အချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

LOTTE Service Apartment

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲ့ ပြည်လမ်းမကြီးပေါ်မှာ အချက်အချာကျကျ တည်ရှိနေတဲ့ LOTTE Hotel နဲ့ Service Apartment ကိုတော့ မသိသူမရှိလောက်အောင် ထင်ရှားပါတယ်။ လေဆိပ်နဲ့ သိပ်မဝေးတဲ့ နေရာမှာတည်ရှိပြီး မြင်ကွင်းကောင်းတွေကို ပိုင်ဆိုင်ထားတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ LOTTE ServiceApartment ဟာ ၂၉ လွှာရှိပြီး အခန်းပေါင်း ၃၁၅ ခန်းရှိပါတယ်။ အခန်းအမျိုးအစားလေးမျိုးရှိပြီး နေထိုင်မယ့်ကာလနဲ့ ကျသင့်မယ့်စျေးနှုန်းတွေကို မိမိသုံးစွဲမယ့် ငွေပမာဏအပေါ် မူတည်ပြီး သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းနိုင်ပါတယ်။ နေထိုင်သူတွေအတွက် အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ Gym၊ ရေကူးကန်၊ ၂၄ နာရီဝန်ဆောင်မှုတွေအပြင် စာကြည့်ခန်း၊ စီးပွားရေးစင်တာနဲ့ အစည်းအဝေးခန်းမ၊ ဝိုင်ဖိုင်ဝန်ဆောင်မှု၊ အိမ်ခန်းထိန်းသိမ်းရေးဝန်ဆောင်မှု၊ အဝတ်လျှော်ဝန်ဆောင်မှုတွေအပြင် ကလေးကစားကွင်းတို့ ပါဝင်ပါတယ်။ ဒါ့ပြင် ရန်ကုန်မြို့တွင်းကို သွားလာနိုင်ဖို့ Shuttle bus တွေကိုလည်း စီစဉ်ပေးထားပါတယ်။

Mercure Service Apartment

Mercure Service Apartment ကတော့ အဆင့်မြင်ကွန်ဒိုတွေနဲ့ အထင်ကရဟိုတယ်ကြီးတွေ အစီအရီရှိနေတဲ့ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ တည်ရှိနေပြီး ရန်ကုန်ရဲ့ထင်ရှားတဲ့ Service Apartment တစ်ခုလည်း ဖြစ်ပါတယ်။

စုစုပေါင်းအခန်းအရေအတွက် ၁၄၃ ခန်းရှိပြီး အခန်းအမျိုးအစားကတော့ လေးမျိုးရှိပါတယ်။ မိမိနှစ်သက်ရာ အခန်းအကျယ်အဝန်းကို ရွေးချယ်နေထိုင်နိုင်ပြီးတော့ စျေးနှုန်းက အနည်းဆုံးတစ်လငှားရမ်းခ အမေရိကန်ဒေါ်လာ ၂,၅ဝဝ ဝန်းကျင်ကနေ အများဆုံး ၅,၅ဝဝ ဝန်းကျင်ထိရှိပါတယ်။ အဆင့်မြင့်ဟိုတယ်လိုမျိုး ဝန်ဆောင်မှုတွေကို ရရှိမှာဖြစ်ပြီးတော့ အချက်အချာကျတဲ့နေရာမှာ တည်ရှိနေလို့ အလုပ်အတွက် မြန်မာနိုင်ငံကို ခေတ္တ လာရောက်တည်းခိုနေထိုင်သူတွေအတွက် အဆင်ပြေစေမယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ အားကစားခန်းမ၊ ရေကူးကန်၊ ဝိုင်နဲ့ စားသောက်စရာတွေ စုံစုံလင်လင်ရရှိနိုင်တဲ့ စားသောက်ဆိုင်တွေ အဆင်သင့်ရှိနေတဲ့အပြင် အစည်းအဝေး၊ ပါတီနဲ့ မင်္ဂလာပွဲအခမ်းအနားတွေ ပြုလုပ်နိုင်တဲ့ ခန်းမကျယ်တွေလည်း Mercure Service Apartment မှာ ရှိနေပါတယ်။

68 Service Apartment

ရန်ကုန်ရဲ့စီးပွားရေးအရအရေးပါတဲ့ လမ်းမကြီးတစ်ခုဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်နေရာမှာ နေရာယူထားတဲ့ 68 Service Apartment ကတော့ မသိသူမရှိလောက်အောင် ထင်ရှားပြီး နာမည်ကြီးတဲ့ ပရောဂျက်တစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိမှာ တည်ဆောက်ဆဲဖြစ်ပေမဲ့ မကြာခင်မှာ စျေးကွက်ထဲကို ရောက်လာတော့မယ့် အိမ်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအိမ်ရာကိုတော့ ဘိုးဘွားပိုင်မြေ တစ်ဧကပေါ်မှာ United GP Development က အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းရဲ့ Service Apartment မှာတော့ အခန်းပေါင်း ၁၇ဝ ပါဝင်ပြီး အခန်းအမျိုးအစားခုနစ်မျိုး ပါဝင်ပါတယ်။ ငှားရမ်းနေထိုင်မယ့်သူတွေအတွက် အခန်းစျေးနှုန်းတွေနဲ့ အနည်းဆုံးနေထိုင်နိုင်မယ့် ကာလတွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းဖြစ်လို့ ရရှိနိုင်တဲ့ Service တွေကတော့ စုံလင်လှပါတယ်။ ၂၄ နာရီ ရေ၊ မီးနဲ့ ပတ်ဝန်းကျင်လုံခြုံရေးစနစ်တွေ၊ ၂၄ နာရီဖွင့်လှစ်တဲ့ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကားအစီးရေ အများအပြား ရပ်နားနိုင်တဲ့ လေးထပ်ကားပါကင်လည်း ရှိနေပါတယ်။ ဒါ့ပြင် အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ ရေကူးကန်၊ အမျိုးအစားစုံလင်တဲ့ အားကစားခန်းမ၊ အစည်းအဝေးနဲ့အခမ်းအနားတွေ ပြုလုပ်နိုင်တဲ့ ခန်းမတွေအပြင် နံနက်စာစားနိုင်တဲ့ နေရာတွေပါရှိပါတယ်။



Northern Inya Service Apartment

Northern Inya Service Apartment ကတော့ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းပေါ်၊ ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းကြားမှာတည်ရှိတဲ့ စျေးနှုန်းသင့်တင့်ပြီး နေချင့်စဖွယ်ကောင်းတဲ့ Service Apartment လေးပဲ ဖြစ်ပါတယ်။ ကွန်ဒိုအခန်းတစ်ခန်းလိုကျယ်ဝန်းပြီး ကွန်ဒိုတွေရဲ့ အခြေခံဝန်ဆောင်မှုတွေကိုပါရရှိနိုင်မယ့် နေရာလေးပဲ ဖြစ်ပါတယ်။

စုစုပေါင်း အခန်းအရေအတွက် ၄၂ ခန်းရှိပြီး အခန်းအမျိုးအစားကတော့ လေးမျိုးရှိပါတယ်။ အနည်းဆုံး စတုရန်းပေ ၈၃၇ ကနေ အများဆုံး စတုရန်းပေ ၁,၃၉၃ ထိ ကျယ်ဝန်းတဲ့အခန်းတွေ ပါဝင်ပါတယ်။ တစ်လငှားရမ်းခစျေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ ၁,၅ဝဝ ကနေ ၂,ဝဝဝ ဝန်းကျင် ဖြစ်ပါတယ်။ Northern Inya Service Apartment ဟာ ကာလရှည်ကိုသာ အဓိကထားငှားရမ်းတဲ့ နေရာတစ်ခုဖြစ်ပေမဲ့ ကာလတိုငှားရမ်းလိုတဲ့သူတွေလည်း ညှိနှိုင်းနိုင်ပါတယ်။ 

နေထိုင်သူတွေအနေနဲ့ အင်တာနက်၊ တီဗီနဲ့ ဂြိုဟ်တုရုပ်သံလိုင်းတွေကို အခမဲ့ဖမ်းယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ၂၄ နာရီ လုံခြုံရေးနဲ့ အခန်းဝန်ဆောင်မှု၊ အမျိုးအစားစုံလင်လှတဲ့ ကျန်းမာရေးနဲ့ အားကစားဆိုင်ရာခန်းမတွေကိုလည်း စီစဉ်ပေးထားပါတယ်။

85 SOHO

မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းပေါ်မှာ တည်ရှိတဲ့ 85 SOHO ကတော့ အငှားအိမ်ရာသီးသန့်ဖြစ်ပြီး ပရိဘောဂအပြည့်အစုံနဲ့ ဟိုတယ်အခန်းတစ်ခန်းရဲ့ ဖွဲ့စည်းပုံအတိုင်း ပုံဖော်ထားပါတယ်။

အလွှာတိုင်းမှာ ရှစ်ခန်းဖွဲ့စည်းထားပြီး စုစုပေါင်းအခန်းအရေအတွက် ၈၈ ခန်းရှိပါတယ်။ အပေါ်ဆုံးထပ်မှာတော့ အားကစားခန်းမအပြင် အရက်၊ ဝိုင်နဲ့ အခြားစားသောက်စရာတွေရရှိနိုင်တဲ့ ဘားတစ်ခုလည်း ရှိပါတယ်။ နံနက်စာကို အပေါ်ဆုံးထပ်မှာရှိတဲ့ စားသောက်ဆိုင်မှာ အခမဲ့သုံးဆောင်နိုင်ပြီး အခန်းတစ်ခန်းကို တစ်ယောက်စာစားခွင့်ရှိပါတယ်။ အခန်းသန့်ရှင်းရေးကို တစ်ပတ်သုံးကြိမ်ပြုလုပ်ပေးပြီး လျှပ်စစ်မီးပူ၊ ဒရိုင်ယာနဲ့ အဝတ်လျှော်စက်၊ အခြောက်ခံစက်တွေကိုလည်း စီစဉ်ပေးထားပြီး ထပ်မံဖြည့်ချင်တာရှိရင်လည်း ညှိနှိုင်းပြီး ထပ်ဖြည့်နိုင်ပါတယ်။ ငှားရမ်းခတွေကတော့ တစ်လကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၁,၅ဝဝ မှ ၂,၅ဝဝ ခန့်ထိရှိပြီး အိမ်ငှားကာလ အနည်းဆုံး သုံးလကနေ ခြောက်လ၊ တစ်နှစ် စသဖြင့် သတ်မှတ်ထားပြီး တစ်လချင်း သက်တမ်းတိုးနေထိုင်ချင်သူတွေအတွက်လည်း တစ်လစာ စရန်ကြိုပေးပြီး နေထိုင်လို့ရပါတယ်။

Times City Service Apartment

နာမည်ကျော်မှန်တံတားနဲ့အတူ အရှိန်အဟုန်နဲ့ လူသိများလာခဲ့တဲ့ Times City ဟာလည်း ရန်ကုန်ရဲ့ အထင်ကရတစ်ခုဖြစ်ပါတယ်။ ဟံသာဝတီလမ်းနဲ့ ကျွန်းတောလမ်းထောင့်မှာ တည်ရှိနေတဲ့ Times City ကတော့ စျေးဝယ်စင်တာတွေ၊ အဆင့်မြင့်ကွန်ဒိုတွေ၊ ရုံးခန်းတာဝါတွေ၊ ဟိုတယ်တွေနဲ့ Service Apartment တွေ စုံစုံလင်လင်တည်ရှိနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Time City Service Apartment မှာ အခန်းအမျိုးအစား နှစ်မျိုးပါဝင်ပြီး အဆောက်အအုံရဲ့ ခြောက်လွှာနဲ့ ခုနစ်လွှာမှာ ရှိပါတယ်။ ကျန်ရှိတဲ့ ရှစ်လွှာကနေ ၂၇ လွှာထိ ကွန်ဒိုခန်းတွေ ပါဝင်ပြီး အဆောက်အအုံရဲ့ မြေညီထပ်ကနေ ငါးလွှာထိကိုတော့ Jewellery Mall အဖြစ် တည်ဆောက်ထားပါတယ်။ အခန်းတိုင်းမှာ အိမ်တွင်းပရိဘောဂ အပြည့်အစုံပါပြီး ရေကူးကန်၊ အားကစားခန်းမနဲ့ တခြားသော အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ ၂၄ နာရီ ရေ၊ မီး လုံခြုံရေးစနစ်တွေလည်း ထားပေးထားပါတယ်။

Kantharyar Service Apartment

ကန်တော်ကြီးကရဝိက်ဥယျာဉ်ရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ ကန်သာယာကွန်ပေါင်း စင်တာကြီးကတော့ မကြာသေးခင်နှစ်တွေကမှ စျေးကွက်ထဲကို ရောက်လာတာဖြစ်ပေမဲ့ လူအများစိတ်ဝင်စားမှုကို အထူးရရှိထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီထဲမှာပါဝင်လာတဲ့ Kantharyar Service Apartment မှာတော့ အဆင့်မြင့်ဇိမ်ခံပစ္စည်းတွေနဲ့ ပြင်ဆင်ခြယ်သထားပြီး အဆင့်မြင့်ဟိုတယ်တစ်ခုရဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်ပါတယ်။Service Apartment ရှိတဲ့ စုစုပေါင်းအလွှာကတော့ ၂၃ လွှာရှိပြီး အခန်းအရေအတွက် ၁၇၁ ခန်းရှိပါတယ်။ အခန်းအမျိုးအစားက အိပ်ခန်းတစ်ခန်းကနေ သုံးခန်းအထိ ပါဝင်တဲ့ ကွဲပြားတဲ့ပုံစံလေးမျိုးကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ငှားရမ်းနေထိုင်မယ့်သူတွေ အဆင်ပြေစေတာကတော့ အနည်းဆုံး တစ်လကနေ မိမိစိတ်ကြိုက်ကာလအထိ ငှားရမ်းနေထိုင်နိုင်ပတယ်။

ဒီ Service Apartment မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ အခန်းတွင်းဝန်ဆောင်မှုတွေအနေနဲ့ အသင့်ချက်ပြုတ်စားသောက်နိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ တယ်လီဖုန်း၊ တီဗီ၊ အခမဲ့ဝိုင်ဖိုင်၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ မီးပူကစပြီး အသေးသုံးပစ္စည်းတွေအထိ ထားပေးထားပါတယ်။ ၂၄ နာရီ လုံခြုံရေးနဲ့ အခန်းဝန်ဆောင်မှု၊ ရေကူးကန်နဲ့ အားကစားခန်းမတို့အပြင် Shuttle bus တွေလည်း စီစဉ်ထားပါတယ်။


Credit : Myanmar Times

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property